သူငယ်တန်းကျောင်းသား၊ကျောင်းသူအချို့ကို စာသင်ခန်းအတွင်း၌ ပျော်ရွှင်စွာ တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်သန်း)
ရန်ကုန်မြို့ စာသင်ကျောင်း တစ်ခုရှိ သူငယ်တန်း စာသင်ခန်းတွင် ကျောင်းသားငယ်ကလေးများ ဝိုင်းဖွဲ့ထိုင်၍ တစ်ဦးကျောကုန်းပေါ် တွင် နောက်တစ်ဦးက လက်ညှိုး လေးဖြင့် ရုပ်ပုံများ ရေးခြစ်နေ သည်။ သူ့ကျောကုန်းပေါ်တွင် ရေး နေသည်ကို လိုက်မှတ်ရင်း ရှေ့ကကလေးက သူ့သူငယ်ချင်းကို လမင်းကြီးလားဟု လှည့်မေး သည်။
‘‘မှားတယ် ဝ လုံး’’ဟု လက် ညှိုးလေးဖြင့် ပုံဆွဲနေသည့် ကလေးက အဖြေပေးသည်။
သူငယ်တန်း သင်ရိုးညွှန်း တမ်းသစ် ပြဋ္ဌာန်းစာအုပ်ပါ မြန်မာအက္ခရာများကို ကလေးများက သူ တို့စိတ်ထဲက မြင်သလို သူငယ်ချင်းကို ရေးဆွဲပြနေခြင်းဖြစ်သည်။
သူငယ်တန်းစာသင်ခန်းများ တွင် ကလေးငယ်များက လေး ကြောင်းမျဉ်းပေါင်အတွင်း ဝင် အောင် ၎င်းတို့၏ လက်နုနုလေး များဖြင့် ခဲတံကိုင်ကာ က၊ ခ ထိုင် ရေးနေရသည့် မြင်ကွင်းမှာ ယခု နောက်ပိုင်း ပြောင်းလဲခဲ့သော သင်ရိုးသစ်ကြောင့် အပြောင်းအလဲ အချို့ ရှိလာခဲ့သည်။
၂၀၁၆-၁၇ ပညာသင်နှစ်က စ၍ အက္ခရာများကို သူတို့စိတ်ထဲ မြင်သလို သိမှတ်ပုံဖော်ရေးပြနေ သည့် ကလေးတို့၏ ရယ်သံ၊ လှုပ် ရှားမှုများဖြင့် အသက်ဝင်နေသည့် စာသင်ခန်းများကို အခြေခံပညာ ကျောင်းများတွင် တွေ့မြင်လာရ သည်။
(၅)နှစ်အရွယ် သူငယ်တန်း ကလေးများ၏ ကိုယ်ကာယပိုင်း ဆိုင်ရာ ဖွံ့ဖြိုးမှုအနေအထားအရ သင်ရိုးသစ် သူငယ်တန်းတွင် နောက်ဆုံးသုံးလမှသာ စာရေး ခြင်းကို စတင်သင်ကြားရန် သတ် မှတ်ထားသည်။
သို့သော် ညနေ ကျောင်းမှ အိမ်ပြန်ရောက်ချိန်တွင် ကလေး များ၏ ဗလာစာအုပ်၌ စာပါမလာ ခြင်းကြောင့် ‘ကျောင်းသွားတာ စာရေး၊ စာသင်ဖို့’ဟု မှတ်ယူထား သည့် ကျောင်းသားမိဘအများစု သည် သင်ရိုးသစ်စာသင်ခန်းများ အပေါ် ယုံကြည်မှု လျော့နည်းလာ သည်။
ထို့ကြောင့်ပင် မိဘများက ကျူရှင်များကို အားကိုးတော့ သည်။
‘‘ကျွန်မတို့ ငယ်ငယ်ကရော၊ သမီးအကြီးတုန်းကရော သူငယ် တန်းဆို က၊ ခ ရေးတတ်နေပြီ။ အခုကလေးက ပြန်လာရင် စာ အုပ်ထဲ စာပါမလာဘူး။ ကျောင်း မတက်ခင် အိမ်မှာ သင်ထားပေး သလောက်ပဲ ကလေးက သိတယ်။ကျောင်းက မသင်ပေးတော့ ကျူ ရှင်ထားရတာပေါ့။ မထားရင် ကိုယ့်ကလေး ကျန်ခဲ့မှာပဲ’’ဟု ဗိုလ်တထောင်မြို့နယ်မှ သူငယ်တန်း ကျောင်းသားမိခင် ဒေါ်သူဇာခိုင်က ဆိုသည်။
KG+12 (သူငယ်တန်း+၁၂ တန်း) စနစ်သစ်အရ ၂၀၁၆-၁၇ ပညာသင်နှစ်ကစတင်ကာ သူငယ် တန်း၊ ၂၀၁၇-၁၈ ပညာသင်နှစ်၌ ပထမတန်း၊ ယခု ၂၀၁၈-၁၉ ပညာသင်နှစ်၌ ဒုတိယတန်းတွင် ကျောင်းသား၊ ကျောင်းသူများအား သင်ရိုးညွှန်းတမ်းအသစ်ဖြင့် စတင်သင်ကြားနေသည်။
‘‘အရင်လို ကလေးတွေကို အလွတ်ကျက်စေတာမျိုးမဟုတ် ဘဲ သင်ခန်းစာတစ်ခု သင်တိုင်းမှာ ကိုယ်တိုင်စူးစမ်းမယ်၊ ရှာဖွေမယ်၊ ကိုယ်တိုင် နားလည်သဘော ပေါက်အောင် လုပ်ခိုင်းမယ်၊ လေ့ ကျင့်စေမယ် စသဖြင့် အဲဒီလို သင် ခန်းစာတွေကို ထည့်ထားတာဖြစ် ပါတယ်’’ဟု မူလတန်းသင်ရိုးသစ် မြန်မာစာဘာသာရပ်ရေးဆွဲရေး အဖွဲ့ဝင် ဒေါ်သောင်းသင်းအေးက ဆိုသည်။
သင်ရိုးညွှန်းတမ်း အသစ် တွင် ကျောင်းသားကိုယ်တိုင် စူး စမ်းလုပ်ဆောင်ကြည့်ခြင်းမှ ရလာသည့် အဖြေပေါ် မူတည်ကာ ဆက်စပ်စဉ်းစားတွေးခေါ်ရသည့် သင် ခန်းစာများကို ထည့်သွင်းထားပြီး ကျောင်းသားဗဟိုပြုသင်ရိုးအဖြစ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် ပညာရေးဝန်ကြီးဌာနက ပူး ပေါင်းရေးဆွဲထားသည်။
‘‘အလွတ်ကျက်စနစ်ဟောင်း က ဆယ်စုနှစ်ချီခဲ့ပြီဆိုတော့ ပြု ပြင်စမှာ သင်ရိုးသစ်ကို သိပ် မကြိုက်တာတို့ ဘာတို့ရှိတာပေါ့။ တချို့မိဘတွေဆို ကျောင်းဖွင့်တာ ကြာလှပြီ၊ ကလေးတွေကို ခုထိ ဘာစာမှ မသင်ပေးသေးဘူးတွေ ပြောလာကြတာပေါ့။ စာအလွတ် ကျက်နေမှ ပညာထင်သူ မိဘ တချို့ အထင်လွဲကြတဲ့သဘော ပေါ့’’ဟု စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှ အထက်တန်းပြဆရာ ဦးတင့်ထွန်းနိုင်က ဆိုသည်။
၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ကစကာ မြန်မာ့ပညာရေးတွင် အ မြစ်တွယ်လာသည့် ကျူရှင်စနစ် ကို KG+12 သင်ရိုးညွှန်းတမ်းသစ် များက တိုက်ဖျက်နိုင်မည်ဟု သင် ရိုးညွှန်းတမ်း ရေးဆွဲသူများက မျှော်လင့်သော်လည်း ယခု ၂၀၁၈-၁၉ ပညာသင်နှစ်တွင် သင်ရိုးသစ်ဖြင့် သင်ကြားနေသည့် သူ ငယ်တန်း၊ ပထမတန်း၊ ဒုတိယ တန်းကလေးများသည် ယခင်ကဲ့ သို့ပင် ကျောင်းပြီး ကျူရှင်သို့ ပြေး နေကြဆဲဖြစ်သည်။
‘‘သင်ရိုးညွှန်းတမ်းသစ်က သူငယ်တန်းနဲ့ ပထမတန်းဆိုတာ Very Basic ပဲ။ အခြေခံလေးတွေ ပဲသင်တာ။ ကလေးတွေကို အ တင်းတွန်းစရာမလိုဘူး။ ဆရာမ တွေက ကျောင်းမှာ ပုံမှန်ပဲသင် သွားမယ်ဆိုရင် ကျူရှင်ယူဖို့မလို ဘူး’’ ဟု ယူနီဆက်မှ အငြိမ်းစား သင်ရိုးညွှန်းတမ်းပညာရှင် ဒေါက်တာဝင်းအောင်က ဆိုသည်။
၁၉၉၀ ပြည့်နှစ်ဝန်းကျင်က စတင်အမြစ်တွယ်လာသည့် ကျူ ရှင်စနစ်ကို တိုက်ဖျက်ရေး အစိုးရအဆက်ဆက် ပညာရေးဝန်ကြီး ဌာန တာဝန်ရှိသူများက ဆရာ၊ဆရာမများ ကျူရှင်မသင်ရန် ညွှန်ကြားချက်ထုတ်ပြန်ခြင်း၊ ခံဝန် ကတိရေးထိုးစေခြင်းတို့ပြုလုပ်ပြီး ကျူရှင်သင်သည့် အစိုးရကျောင်း ဆရာ၊ ဆရာမများကိုလည်း နယ်ပြောင်းရွှေ့ခြင်းမှစကာ နည်းလမ်းအမျိုးမျိုးဖြင့် အရေးယူအပြစ်ပေးခဲ့ သည်။
အစိုးရအဆက်ဆက် ကျူရှင် ပပျောက်ရေး ဆောင်ရွက်ခဲ့သော်လည်းလက်တွေ့တွင် သူငယ်တန်း ကစကာ အတန်းစဉ်ဆက် ကျူရှင်ထားသည့် ယဉ်ကျေးမှုက တောရော မြို့ပေါ်တွင်ပါ ပိုမိုအား ကောင်းလာသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဦးဆောင်သည့် အစိုးရလက် ထက်တွင် မြန်မာနိုင်ငံ၌ အမြစ် တွယ်နေသည့် ကျူရှင်စနစ်ကို ပြောင်းလဲမည်ဖြစ်ကြောင်း နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၆ ဇွန်လအတွင်း သွားရောက်ခဲ့သည့် ထိုင်းနိုင်ငံခရီးစဉ်တွင် ပြောကြားခဲ့ သည်။

သင်ရိုးသစ်မှာ ကလေးများ၏ ဖန်တီးမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးပိုမိုထက်မြက်လာရန် ရည်ရွယ်သည်။ (ဓာတ်ပုံ-ကျော်ဇင်သန်း)
‘‘အခုခေတ်က ကျူရှင်ဆိုတာကြီးကို ထမင်းစား၊ ရေသောက်လို ဖြစ်နေပြီ။ တော်တော်ကိုပြောင်း ယူရမယ်’’ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။
အခြေခံပညာရေးကို လူတိုင်းအခမဲ့သင်ယူခွင့်ရရန် ကျောင်း အပ်နှံရာ၌ အခကြေးငွေ ကင်း လွတ်စေခြင်း၊ ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံ စသည့်အထောက်အပံ့များ ပေး ခြင်းတို့ကို အစိုးရက ဆောင်ရွက် နေသော်လည်း ကျူရှင်စနစ်ကြီး စိုးမှုက အခမဲ့ပညာရေးအတွက် စိန်ခေါ်မှုရှိနေဆဲဖြစ်သည်။
အလွတ်ကျက်နိုင်မှုကို အ သားပေးသည့် သင်ကြားမှုများနှင့် အလွတ်ကျက်ထားသမျှကို ပြန်ချ ရေးနိုင်မှုအပေါ် အမှတ်ပေးသည့် စာမေးပွဲစနစ်များသည် ကျူရှင် စနစ် ကြီးစိုးရခြင်း အကြောင်းရင်း ဖြစ်ကြောင်း ခေတ်အဆက်ဆက် ပညာရေး ကျွမ်းကျင်သူများက ထောက်ပြသည်။
အခြေခံပညာကျောင်းများ တွင် ကျောင်းသား၊ ကျောင်းသူ များ၏ တီထွင်ဖန်တီးမှုနှင့် အသုံး ချနိုင်မှုကို ဖော်ထုတ်နိုင်သည့် သင် ကြားနည်းစနစ်ဖြင့် သင်ကြားခြင်း နှင့် အမှတ်ပေးအကဲဖြတ်ခြင်းတို့ ကို ကျင့်သုံးမည်ဆိုပါက ကျူရှင် စနစ် ပပျောက်နိုင်မည်ဟု အကြံ ပြုသည်။
‘‘မြန်မာပြည်က မိဘတော် တော်များများက ကိုယ့်သားသမီး ကို အရမ်းရစေချင်တယ်။ များများသင်ရင်ရမယ်လို့ ထင်ကြတယ်။ တကယ်တော့ များများသင်တိုင်း ကလေးက ရချင်မှရတာ။ မိဘက တတ်စေချင်လို့ ကျူရှင်ထားတယ်။ကျူရှင်ဆရာမကလည်း ဒါကို ငါး ခေါက်ရေး၊ ၁ဝ ခေါက်ရေးခိုင်း လိုက်တယ်။ ကလေးက အလွတ် သာ ရနေတာ။ တခြားနည်းလမ်း နဲ့ မတွက်တတ်တော့ဘူး’’ ဟု ပြည်ပညာရေးကောလိပ်ကထိက ဒေါ်သူဇာခိုင်က မှတ်ချက်ပြု သည်။
KG+12 စနစ်သစ်တွင် မူလ တန်းအောက်အဆင့်အတန်းများ ကို ပုံစံကျ စာမေးပွဲစစ်ဆေးခြင်း (Formal Test) မပြုလုပ်ဘဲ စာ သင်ခန်း၌ သင်ကြားသင်ယူစဉ် အတန်းပိုင်ဆရာက အကဲဖြတ် မည့်စနစ်ကိုသာ ကျင့်သုံးရန် ပညာရေးဝန်ကြီးဌာနက ဆရာ၊ ဆရာမ များကို ညွှန်ကြားထားသည်။
‘‘သင်ခန်းစာ သင်ယူနေစဉ်နဲ့ သင်ခန်းစာအပြီးမှာ အသိပညာနဲ့ လုပ်ဆောင်မှုတွေအပေါ် စစ်ဆေး အကဲဖြတ်မှုတွေ လုပ်သွားတာပါ။ စာမေးပွဲ သီးသန့်မရှိတော့ စာ ကျက်စရာမလိုတဲ့အတွက် ကျူရှင် မလိုပါဘူး။ ကျူရှင် တကယ်လွတ် တဲ့ သင်ရိုးပါ’’ဟု မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည်မြို့နယ် မှ မူလတန်းပြဆရာမ ဒေါ်နီလာ ဝင်းက ဆိုသည်။
သင်ရိုးညွှန်းတမ်းအသစ်တွင် သမားရိုးကျသင်နည်းများကဲ့သို့ ဘာသာရပ်နှင့် ဆရာကို အဓိက မထားဘဲ သင်ယူသူ ကလေးကိုသာအဓိကထား သင်ကြားပေးသည့် ကလေးဗဟိုပြုချဉ်းကပ်နည်းများ၊ ကစားခြင်းဖြင့် သင်ယူနည်းများ ဖြင့် သင်ကြားပေးရန် ဆရာ၊ ဆရာမများကို လေ့ကျင့်သင်တန်း ပေးထားသည်။
သို့သော် သင်ရိုးညွှန်းတမ်းအ သစ်ကို အကောင်အထည်ဖော် သင်ကြားရာ၌ ဆရာနှင့် ကျောင်း သားအချိုးမညီမျှခြင်း၊ ဆရာအင် အားနည်းပါးခြင်း၊ ဆရာများ၏ သင်ကြားမှုအရည်အသွေးနှင့် စာ သင်ခန်းမလုံလောက်ခြင်းတို့ ရင် ဆိုင်ကြုံတွေ့နေရသည်။
ကျောင်းသားဦးရေ ၂၀ လျှင် ဆရာတစ်ဦးနှုန်း သင်ကြားသည့် ပုံစံဖြင့် ရေးဆွဲထားသည့် သင်ရိုး သစ်ကို အချို့ကျောင်းများတွင် ကျောင်းသား ၅၀ ခန့်ကို ဆရာတစ် ဦးတည်းက သင်ကြားပေးနေရ သည့် အနေအထားမျိုးရှိနေသည်။
‘‘သင်ရိုးသစ်က ကျောင်းသား ဗဟိုပြုသင်တယ်ဆိုတာကို ကိုယ် လည်း ဆရာမတစ်ယောက်ဖြစ်နေ တော့ သဘောပေါက်တယ်။ ဒါ ပေမဲ့ အတန်းထဲမှာ ကလေး ၅၀ လောက်ကို ဆရာမတစ်ယောက် တည်းက သင်ရိုးအတိုင်း ပေါက် မြောက်အောင် သင်နိုင်ပါ့မလား လို့ သံသယရှိတယ်။ အဲဒါကြောင့် လူနည်းစုပဲ သင်ရတဲ့ ဝိုင်းကျူရှင် လိုမျိုးကို ထပ်ထားရတာ’’ဟု ရေ ကြောင်းပညာတက္ကသိုလ်မှ ကထိ က ဆရာမတစ်ဦးက ဆိုသည်။
ပညာရေးဝန်ကြီးဌာန၏ ၂၀၁၇ ဒီဇင်ဘာအထိ စာရင်းအရ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမ လိုအပ်ချက် ၅၇,၀၀၀ ကျော်ရှိသည်။ ထိုစာရင်း အရ တစ်နိုင်ငံလုံးတွင် မူလတန်း ပြဆရာ ၂၄,၀၀၀ ကျော် လစ်လပ် နေပြီး ရခိုင်ပြည်နယ်သည် မူလ တန်းပြ ဆရာလိုအပ်ချက် ၄,၁၀၀ ကျော်ဖြင့် အများဆုံးဖြည့်ဆည်း ပေးရမည့် ဒေသဖြစ်နေသည်။
အခြေခံပညာအတန်းအဆင့် တိုင်းတွင် ဘာသာရပ်ကျွမ်းကျင် ဆရာ၊ ဆရာမလိုအပ်ချက် နှစ်စဉ် တိုးမြင့်လာပြီး ပြောင်းလဲမည့် KG+12 သင်ရိုးသစ်ပေါက်မြောက် ရန် အဓိကစိန်ခေါ်မှုသည်လည်း ဆရာအတတ်ပညာသင်တန်း ဆင်းလက်မှတ်ရ ဘာသာရပ်ကျွမ်း ကျင်ဆရာ လိုအပ်ချက်ဖြစ် ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ဆရာအတတ်ပညာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက် တာအောင်အောင်မင်းက ဆို သည်။
ပြီးခဲ့သည့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းကစ၍ အခြေခံပညာ ကျောင်းများတွင် ကလေးဗဟိုပြု သင်ကြားနည်းစနစ်ကို ပြောင်းလဲ ကျင့်သုံးရန် ပညာရေးဝန်ကြီးဌာန က ကြိုးပမ်းခဲ့သော်လည်း အရည် အသွေးမီ ဆရာလိုအပ်ချက်ကို မဖြည့်ဆည်း နိုင်ခြင်းကြောင့် ကလေးဗဟိုပြု သင်ကြားနည်း စနစ် မအောင်မြင်ခဲ့သည့် သာဓကရှိနေသည်။
အထူးသဖြင့် မြို့ကြီးနှင့် မြို့ ပေါ်ရှိ ကျောင်းများတွင် ကျောင်း သားများပြားမှုကြောင့် စာသင်ခန်း မလုံလောက်မှုများ၊ ဝေးလံခေါင် ဖျားသည့်ဒေသနှင့် ကျေးလက် ဒေသများတွင် ဆရာအင်အားမလုံ လောက်မှု စသည်တို့ကို အချိန်မီ မပြင်ဆင်ပါက သင်ရိုးသစ်အပေါ် မိဘများ၏ ယုံကြည်မှုအပြည့်အဝ ရှိလာမည်မဟုတ်ပေ။
သင်ရိုးသစ်အပေါ် မိဘများ ၏ နားလည်သဘောပေါက်မှု အားနည်းခြင်းကြောင့် ကျောင်းသား မိဘများနှင့် ဆရာ၊ ဆရာမများအ ကြား ကတောက်ကဆတ်ဖြစ်ရမှုများလည်း အခြေခံပညာအသိုင်း အဝိုင်းတွင် ရှိနေသည်။
‘‘စာအုပ်ထဲ စာပါမလာတော့ ကိုယ်က ကျူရှင်ခေါ်ချင်လို့ သူ့ ကလေးကို ကျောင်းမှာ ဂရုမစိုက် ဘူး၊ ပညာပြတယ်လို့တောင် အ ထင်ခံရဖူးတယ်’’ဟု ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့မှ မူလတန်းပြ ဆရာမတစ်ဦးက သူ့အတွေ့အ ကြုံကို ပြောပြသည်။
ပြီးခဲ့သည့် ဧပြီလကုန်က ထပ်တိုးလစာနှုန်းထားများအရ မြန်မာ နိုင်ငံရှိ အခြေခံပညာကျောင်းများ မှ မူလတန်းပြ ဆရာတစ်ဦးသည် အခြေခံလစာ ကျပ်တစ်သိန်း ခြောက်သောင်း၊ အလယ်တန်းပြ အခြေခံလစာ ကျပ်တစ်သိန်းခုနစ် သောင်းခွဲနှင့် အထက်တန်းပြသည် အခြေခံလစာ ကျပ်တစ်သိန်းကိုး သောင်းရရှိသည်။ အဆိုပါလစာ ငွေသည် တစ်ဦးတည်းရပ်တည်နိုင် ရန်ပင် လုံလောက်မှုရှိသည့် ပမာ ဏမဟုတ်ခြင်းကလည်း အစိုးရကျောင်း ဆရာ၊ ဆရာမများ ကျူရှင်သင်ခြင်းကို မငြင်းဆန်နိုင်သည့် အကြောင်းရင်းဖြစ်နေသည်။
အတန်းပိုင်ဆရာထံတွင် ကျူရှင်ထားပါက ဆရာမ၏ ဂရုစိုက်မှု ခံရပြီး စာမေးပွဲကို လွယ်ကူစွာ ဖြေဆိုနိုင်မည်ဟူသည့် အယူအဆ ဖြင့် ကျောင်းသားမိဘများက လည်း အတန်းပိုင်ဆရာများထံ ချဉ်းကပ်နေကြဆဲဖြစ်သည်။
‘‘မိဘတွေက ကျူရှင်တွေ ပို့ နေတာ တွေ့ပါတယ်။ သင်ရိုးသစ် က ကလေးတွေကို အရမ်းပင်ပန်း စေတာမျိုးမလုပ်ဘဲ ကျူရှင်လွတ် လုပ်ထားတာ ဖြစ်တဲ့အတွက် ဖြစ် နိုင်မယ်ဆိုရင်တော့ ကျောင်းက သင်ထားတာလေးနဲ့ပဲ လိုက်လုပ် သွားရင် အဆင်ပြေမယ်။ မိဘ တွေအနေနဲ့ တအားစိတ်ပူပန်ပြီး ကျူရှင်ပို့တာမျိုး မလုပ်စေချင်ပါ ဘူး’’ဟု မူလတန်းသင်ရိုးသစ် သိပ္ပံ ရေးဆွဲရေးအဖွဲ့ဝင် ဒေါက်တာ ကေသီမော်က အကြံပြုသည်။
စတင် အသုံးပြုနိုင်သည့် KG+12 သင်ရိုးသစ်သည် ကလေး များကို တစ်ဦးနှင့်တစ်ဦး ပြိုင်ဆိုင် ခြင်းထက် မျှဝေပူးပေါင်းဆောင် ရွက်တတ်စေရေးကို ဦးတည်ရေး ဆွဲထားပြီး စာမေးပွဲစနစ်မှ ဖြစ်ပေါ်လာသော အဆင့်၊ အမှတ် ပြိုင် ဆိုင်မှုများ၏ အကျိုးဆက်ကျူရှင် ပြဿနာကိုပါ တဖြည်းဖြည်း ပပျောက်စေရန် ရည်ရွယ်သည်ဟု မူလတန်းအဆင့် သင်ရိုးညွှန်းတမ်း အသစ်များ ရေးဆွဲသည့် CREATE Project ၏ ဆရာအတတ်ပညာ အဖွဲ့ခေါင်းဆောင် ဒေါ်ဝင်းသိင်္ဂီ ကျော်က ပြောကြားသည်။
‘‘ယနေ့ ကျူရှင်ဆိုတဲ့ သင် ကြားမှုက ကျောင်းကပေးတဲ့ စာ ပြန်ဆိုပြန်ရေး လေ့ကျင့်ပေးတဲ့အ ဆင့်က များတယ်။ အုပ်စုဖွဲ့စစ် ဆေးခြင်း၊ ဉာဏ်ဖွင့်စစ်ဆေးခြင်း များက ကျူရှင်မှာ သင်မှာမဟုတ် ပါဘူး။ ဒါကြောင့် စနစ်သစ်သင်ရိုး သစ်နဲ့ တကယ်အသားကျသွားတဲ့ အခါ ကျူရှင်ဆိုတာ ပပျောက်သွား မယ်လို့ ယူဆပါတယ်’’ဟု ပဲခူး တိုင်းဒေသကြီး အထက (အေးမွန်)ကျောင်းအုပ်ကြီး ဦးအောင်ကျော် သူက မှတ်ချက်ပြုသည်။
#crd