ပိုလန်နိုင်ငံက ရှေးဟောင်းဂူသင်္ချိုင်းတစ်ခုနဲ့ ခပ်လှမ်းလှမ်းမှာ စုန်းမလို့ အစွပ်စွဲခံရပြီး ရိုက်ပုတ်သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးတစ်ဦးရဲ့ အရိုးစုအကြွင်းအကျန်ကို သိပ္ပံပညာရှင်တစ်ဦးက တွေ့ရှိခဲ့ပါတယ်။ အဆိုပါ ရုပ်အလောင်းဟာ လွန်ခဲ့တဲ့ (၁၆)ရာစုနှစ်လောက်ကတည်းက သင်္ဂြိုဟ်ခဲ့ပုံရကြောင်း သိရပါတယ်။

ဒီအရိုးစုကို စတင်တွေ့ရှိခဲ့သူကတော့ ဘူမိဗေဒပညာရှင် Karol Piasecki ဖြစ်ပြီး အရိုးစုကို ဓာတ်ခွဲစစ်ဆေးတဲ့အခါမှာ အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း၊ ရွှေအိုရောင်ဆံပင်ကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး၊ အရိုးတွေမှာ လွန်ပူဖောက်ထားတာကို ကြည့်ခြင်းအားဖြင့် ရှေးခေတ်ပိုလန်တို့ထုံးစံအတိုင်း စုန်းမလို့ စွပ်စွဲခံခဲ့ရပုံ ရှိတယ်လို့ ဆိုပါတယ်။
ခြေထောက်အရိုးတွေကို မမြှုပ်နှံခင်မှာ လွန်ပူနဲ့ထိုးဖောက်ထားလိုက်ခြင်းအားဖြင့် အဆိုပါစုန်းမလို့ စွပ်စွဲခံရသူဟာ မြှုပ်နှ့ထားတဲ့နေရာကနေ ပြန်လည်ထ,လာနိုင်ခြင်းမရှိတော့ဘူးလို့ ရှေးခေတ်ပိုလန်တွေက ယုံကြည်ခဲ့ကြသလို၊ ဒီနည်းအားဖြင့် စုန်းမဟာ ထာဝရသေဆုံးသွားပြီး သူတို့ကို ထပ်မံဒုက္ခမပေးတော့မှာလို့ ယူဆကြပါတယ်။

တစ်နည်းယူဆချက်မှာတော့ စုန်းမလို့ စွပ်စွဲခံရသူတွေဟာ သူတို့ကို မြှုပ်နှံတဲ့အခါမှာ ခိုင်ခိုင်မာမာကာရံပြီး သင်္ဂြိုဟ်ကြလေ့ရှိပြီး၊ အရိုးတွေကို လွန်ပူနဲ့ထိုးဖောက်ပြီးနောက် လွန်ပူအပေါက်ထဲကို သံချောင်းလျှိုသွင်းပြီး အောက်ကကြမ်းခင်းနဲ့ပါ တစ်ပါတည်း ပူးတွဲချုပ်နှောင်တာမျိုးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
(၁၆-၁၇)ရာစုအတောအတွင်း ပိုလန်နိုင်ငံမှာ လူချမ်းသာအသိုင်းအဝိုင်းမှ အိမ်ထောင်သည်အမျိုးသမီးတွေ၊ သို့မဟုတ် လူကုံထံအမျိုးသားတွေရဲ့ ချစ်သူတွေဟာ မကြာခဏ စုန်းမလို့အစွပ်စွဲခံရကာ သတ်ဖြတ်ခံရလေ့ရှိကြောင်း သမိုင်းအထောက်အထားများအရ သိရပါတယ်။
အချစ်ရေးအိမ်ထောင်ရေး အဆင်မပြေတဲ့အခါတိုင်း သူတို့ယူထားတဲ့ မိန်းမတွေ ချစ်သူတွေဟာ စုန်းအတတ်ပညာနဲ့ ပြုလုပ်ဖန်တီးထားတာလို့ အယူရှိကြပြီး၊ ဒီနည်းအားဖြင့် စုန်းမမဟုတ်သူတွေလည်း သေဘေးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ တစ်ချို့ကတော့ အခုတူးဖော်တွေ့ရှိခဲ့တဲ့ အရိုးစုပိုင်ရှင်ဟာ ယခင်က သွေးစုပ်ဖုတ်ကောင်လို့ ယူဆခံခဲ့ရပုံရှိတယ်လို့ ထင်မြင်ချက်ပေးခဲ့ပေမယ့် စုန်းမလို အစွပ်စွဲခံရတယ်တိုတဲ့ ယူဆချက်က သမိုင်းအထောက်အထားနဲ့ယှဉ်ရင် ပိုနီးစပ်နေပါတယ်။
source : thesun.co.uk
Credit: နတ်စည်တော် (MyanmarNote)