ဂျပန်အမျိုးသားများအတွက် မြန်မာဇနီးမယားရှာဖွေပေးသူကို ငွေကျပ်၁၃သိန်းချီးမြှင့်မည်ဟု ကုမ္ပဏီတစ်ခုက မက်လုံးပေးကြော်ငြာ
ဂျပန်လူမျိုးနှင့်လက်ထပ်လိုသည့် မြန်မာအမျိုးသမီးကို ရှာဖွေပေးသူအား ယန်းငွေ ၁ သိန်း (မြန်မာငွေ ၁၃ သိန်း) ၀န်းကျင်ခန့် ချီးမြှင့်မည်ဖြစ်ကြောင်း International Cultural Exchange One တွင် ကြော်ငြာထားသည်။ကြော်ငြာတွင်ရှာဖွေပေးသူမှ မြန်မာအမျိုးသမီးကို ကုမ္ပဏီတွင်စာရင်းသွင်းပြီးပြီးချင်း ကုမ္ပဏီက ယန်းငွေ ၂ သောင်းပေးမည်ဖြစ်ကာ မြန်မာအမျိုးသမီးက လက်ထပ်ထိမ်းမြားရန် ကတိက၀တ်ပြုလျှင် နောက်ထပ်ယန်းငွေ ၈ သောင်း ထပ်မံပေးမည်ဖြစ်၍ စုစုပေါင်းယန်းငွေ ၁ သိန်းဆုလက်ဆောင်အဖြစ် ရရှိနိုင်မည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။
ဂျပန်လူမျိုးနှင့်လက်ထပ်လိုသည့် အမျိုးသမီးသည် အသက် ၂၀ မှ ၃၃ နှစ် အတွင်းရှိပြီး ဂျပန်နိုင်ငံတွင် နေထိုင်သူ၊ အနည်းဆုံးအထက်တန်းအောင်မြင်သူ၊ အိမ်ထောင်မရှိ၊ ချစ်သူရည်းစားမရှိသူ၊ သားသမီးမရှိသူ၊ ဗီဇာနှင့်ပတ်သက်၍ ပြဿနာမရှိသူဖြစ်ပြီး တရားမ၀င်နေထိုင်သူမဖြစ်ရ၊ အမျိုးသမီးကိုယ်တိုင်က ဂျပန်လူမျိုး အမျိုးသားနှင့်လက်ထပ်ရန်ရည်ရွယ်သူ၊ ဂျပန်စကားပြောဆိုနိုင်သူအရည်အချင်းများနှင့် ပြည့်စုံရမည်ဖြစ်သည်။
ကုမ္ပဏီတွင်စာရင်းသွင်းရာတွင် ပထမဦးစွာကုမ္ပဏီသို့ စာရင်းသွင်းသူ အမျိုးသမီး၏ဓာတ်ပုံများနှင့် ကိုယ်ရေး အကျဉ်းတို့ကို တင်သွင်းခြင်း၊ ကုမ္ပဏီမှ လက်ခံပါက အမျိုးသမီးအား အင်တာဗျူးပြုလုပ်၍ စာရင်းသွင်းရန်၊ ပုံစံဖြည့်သွင်းခြင်း၊ ကုမ္ပဏီနှင့် အမျိုးသမီးတို့ တယ်လီဖုန်းနံပါတ်၊ facebook အကောင့်များ လဲလှယ်ခြင်းတို့ ဖြစ်သည်။ဂျပန်လူမျိုးနှင့်လက်ထပ်ခြင်းကြောင့် လက်ထပ်ပြီး ၅ နှစ်အကြာ ဂျပန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်ရရှိမည်။ ဂျပန်နိုင်ငံတွင် အမျိုးသမီးများ၏ ပထမဦးစားပေး တာဝန်သည် အိမ်မှုကိစ္စနှင့် ကလေးထိန်းခြင်းတို့ ဖြစ်သည်။ သို့သော် ကိုယ်တိုင် အလုပ်လုပ်ကာ မြန်မာပြည်ကိုငွေပြန်ပို့ချင်လျှင် အမျိုးသားနှင့်တိုင်ပင်ပြီး အလုပ် လုပ်နိုင်မည်။ ဂျပန်အမျိုးသားနှင့်လက်ထပ်သည့်အတွက် ကလေးမှာဂျပန်စာ တော်လာမည်၊ ဂျပန်အမျိုးသားများသည် အမျိုးသမီးများကို အကြမ်းဖက်မှုပြဿနာ မရှိ၊ အမျိုးသမီးသည် ကုမ္ပဏီတွင်စာရင်း သွင်းခြင်းဖြင့် ဂျပန်လူမျိုးအစိုးရ၀န်ထမ်း အရာရှိ၊ အင်ဂျင်နီယာ စသည်ဖြင့် ဂုဏ်သိက္ခာရှိ အမျိုးသားများနှင့် တွေ့ဆုံလက်ထပ်ခွင့်ရရှိမည်ဖြစ်ကြောင်း International Cultural Exchange One ၏ ကြော်ငြာအရ သိရသည်။
”ဂျပန်မှာနေတဲ့ မြန်မာအမျိုးသမီးတွေကို ခေါ်တာပါ။ သူ့နိုင်ငံထဲမှာ ကြော်ငြာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂျပန်မှာက အိမ်တွင်းအကြမ်းဖက်မှု မရှိဘူးလို့ ကြော်ငြာထားတယ်။ ကျွန်တော်လေ့လာသိရသလောက်တော့ ဂျပန်မှာ လူကုန်ကူးတာ မရှိပါဘူး။ Domestic Violence (အိမ်တွင်းအကြမ်းဖက်မှု)ပဲရှိတယ်။ ဒါကို ကယ်တင်တဲ့ Shelter တွေရှိပါတယ်။ အခုလိုခေါ်တာကို တခြားဥပဒေနဲ့တားလို့ရတယ်။ မြန်မာအမျိုးသမီးတွေကို လက်ထပ်ယူဖို့ ခွင့်ပြုထားတာလည်းရှိတယ်။ အခုဆိုရင် တရားရုံးတော်တော်များများကို ခွင့်ပြုထားပေမဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်မှာဆိုရင် တရုတ်နိုင်ငံသားတွေက လက်ထပ်ထိမ်းမြားမှုတွေလုပ်ပြီး ခေါ်သွားနေကြ တာရှိပါတယ်”ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုရဲမှူးခင်မောင်လှက ပြောသည်။
မြန်မာအမျိုးသမီးများအနေဖြင့် စဉ်းစားရန်လိုအပ်သလို မိမိသဘောဆန္ဒခံယူချက်လည်း ပါဝင်ကြောင်း၊ မိမိ၏ခံယူချက်တွင် စီးပွားရေး၊ နိုင်ငံခြားသားကို လက်ထပ်လိုမှုအရဆိုသော စိတ်ခံစားချက်အပေါ်တွင် မူတည်ကြောင်း၊ အထက်ပါ ကြော်ငြာနှင့်ပတ်သက်ပြီး မြန်မာအမျိုးသမီးများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဒေါ်သန္တာတင်က ပြောသည်။
Credit: news watch
#MyanmarDailyHotNews