အန်ကာရာ၊ ဩဂုတ် ၁၅
တူရကီနိုင်ငံမှတင်ပို့သော အလူမီနီယံနှင့် စတီးထုတ်ကုန်များကို စည်းကြပ်ခွန် နှစ်ဆတိုးမြှင့်ကောက်ခံမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆုံးဖြတ်လိုက်ပြီးနောက် တူရကီနိုင်ငံသမ္မတ ရီဆစ်တေယစ် အာဒိုဂန်က iPhone အပါအဝင် အမေရိကန်လုပ် လျှပ်စစ်ပစ္စည်းများ တူရကီသို့ တင်သွင်းမှုကို ပိတ်ပင်သွားမည်ဖြစ်သည်ဟု တုံ့ပြန်လိုက်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။
“တကယ်လို့ သူတို့ (အမေရိကန်) မှာ iPhone ရှိတယ်ဆို တခြားတစ်ဖက်မှာ Samsung ဆိုတာရှိနေတာပါပဲ”ဟု သမ္မတအာဒိုဂန်က Apple နှင့် တောင်ကိုရီးယားနိုင်ငံမှ Samsung တို့ကို ရည်ညွှန်းပြောဆိုသည်။
အမေရိကန်ပြည်ထောင်စုသည် ပြီးခဲ့သည့် သတင်းပတ်အတွင်း တူရကီကတင်ပို့သော စတီးနှင့် အလူမီနီယံတို့အပေါ် စည်းကြပ်ခွန် နှစ်ဆတိုးမြှင့်ကောက်ခံခဲ့သည်။ တူရကီတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော သင်းအုပ်ဆရာကို လွှဲပြောင်းပေးရန် ဝါရှင်တန်က တောင်းဆိုခဲ့သော်လည်း တူရကီက ငြင်းဆန်ခဲ့ခြင်းကြောင့် အမေရိကန်တို့က လက်တုံ့ပြန်သည့်အနေနှင့် သွင်းကုန်များအပေါ် အခွန်နှစ်ဆ တိုးမြှင့်ကောက်ခံခဲ့ခြင်းဖြစ်သည်။
ယခုလို အမေရိကန်ထုတ် လျှပ်စစ်ပစ္စည်းများကို ပိတ်ပင်ရန် ဆုံးဖြတ်လိုက်ရခြင်းသည် စီးပွားရေးတည်ငြိမ်မှုရရှိစေရန် ဖြစ်သည်ဟု ဆိုသည်။
သမ္မတ အာဒိုဂန်က ယခုလို အမေရိကန် လျှပ်စစ်ပစ္စည်းများတင်သွင်းမှု ပိတ်ပင်ရန် ဆုံးဖြတ်ခြင်းသည် တူရကီနိုင်ငံတွင်း အမေရိကန်ဒေါ်လာနှင့် ငွေကြေးလဲလှယ်နှုန်းတွင် တူရကီငွေကြေးလီရာမှာ အလွန်အမင်းကျဆင်းနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
သမ္မတအာဒိုဂန်က Apple Inc က ထုတ်လုပ်သော iPhone ကို ထုတ်ဖော်ပြောဆိုသော်လည်း Apple ထုတ်ကုန်များအား မည်သို့မည်ပုံပိတ်ပင်မည်ဟူသော အချက်အသေးစိတ်ကို ပြောဆိုခြင်းမရှိပေ။ အာဒိုဂန်က iPhone မရှိသော်လည်း iPhone ၏ ပြိုင်ဘက် Samsung နှင့် တူရကီကုမ္ပဏီ Vestel က ထုတ်လုပ်သည့် Venus စမတ်ဖုန်းများနှင့် အခြားအီလက် ထရွန်နစ်ပစ္စည်းများရှိကြောင်း ပြောကြားသွားသည်။
လက်ရှိ တူရကီနိုင်ငံအတွင်း လီရာ ငွေကြေးတန်ဖိုး အလွန်အမင်း ကျဆင်းသွားခြင်းနှင့်ပတ်သက်၍ အာဒိုဂန်က အသေးစိတ်ရှင်းပြခြင်းမရှိပေ။ သို့သော် ယင်းကိစ္စသည် ထရမ့်အုပ်ချုပ်ရေးအဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ စစ်ဆင်ရေး၏ ဂယက်ရိုက်ခတ်မှုဖြစ်သည်ဟု ဆိုသည်။
“တူရကီနိုင်ငံကို စီးပွားရေးအရ ဗြောင်ကျကျ တိုက်ခိုက်နေတာပါ။ အတိတ်ကာလတုန်းကတော့ ဒါမျိုးတွေဟာ ရှုပ်ထွေးနက်နဲတဲ့ ပုံစံနဲ့လာတာ။ အခုတော့ သူတို့က တိုက်ရိုက်လုပ်တော့တာ”ဟု အာဒိုဂန်က ဆိုသည်။ တူရကီ၏ အနာဂတ် တုံ့ပြန်ဆောင်ရွက်မှုများသည် စီးပွားရေးနှင့် နိုင်ငံရေးဟူသည့် ချဉ်းကပ်မှုနှစ်ရပ်ပေါ်တွင် မူတည်မည်ဖြစ်သည်ဟုလည်း ပြောဆိုသွားသည်။
ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပဋိပက္ခကြီးဖြစ်မည့် အနေအထားသို့ရောက်နေချိန်တွင် တူရကီသည် ဘတ်ဂျက်လိုငွေပြမှု၊ အတိုးနှုန်းနှင့် ငွေကြေးဖောင်းပွမှုပြဿနာ အစရှိသည်တို့ကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းရန် ကြိုးပမ်းနေကြောင်း သမ္မတ အာဒိုဂန်ကပြောကြားသည်။
#crd