အဆိုတော် Rဇာနည်ကတော့ လက်ရှိမှာ အနုပညာသမားတွေကို မူးယစ်ဆေးအမှုတွေနဲ့ ပစ်မှတ်ထားပြီး ဖမ်းနေတဲ့ ကိစ္စကိုတော့ ရင်ဖွင့်လိုက်ပါတယ်။ Rဇာနည်ကတော့ လက်ရှိမှာ အနုပညာလုပ်ငန်းတွေလုပ်ကိုင်တာ အနည်းကြဲနေပြီး ပြင်ပ စီးပွားရေးနဲ့ မိသားစုအရေးတွေကိုပဲ ဦးစားပေးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူ့အနုပညာလှုပ်ရှားမှုနဲ့ လက်တလော လုပ်ရှားမှုတွေကို ပြောကြားသွားခဲ့ပြီး မူးယစ်ဆေးဖမ်းခံရတာတွေနဲ့ ပတ်သက်ပြီးလည်း ပြောကြားသွား ခဲ့ပါတယ်။
Rဇာနည်ကတော့ MC 7 နဲ့ အင်တာဗျူးတွင် “အနုပညာနဲ့ မူးယစ်ဆေးဝါးဆိုပြီးတော့ ကျွန်တော်ကတော့ ခေါင်းစဉ်မတပ်ချင်ပါဘူး။ မူးယစ်ဆေးဝါးဆိုတာက လူသားတွေပဲ တီထွင်ထားတဲ့အရာပဲလေ။ လူတွေပဲ သုံးနေကြတယ်။ အနုပညာသမားတွေကျတော့ လူတွေရဲ့ အာရုံစိုက်တာကို ပိုပြီးတော့ ခံရတယ်။ ဒါကြောင့် သူတို့မူးယစ်ဆေးတွေ သုံးစွဲရင် ပိုပြီးတော့ အာရုံစိုက်ခံရတာပေါ့။ သာမန်လူတွေအနေနဲ့လည်း မူးယစ်ဆေးကြောင့်ဖမ်းခံရတာတွေ ရှိပါတယ်။ ဒါပေမဲ့လည်း ဘယ်သူမှ အဖတ်မလုပ်ကြဘူးလေ။
အနုပညာရှင်တွေကတော့ သူတို့ဖမ်းမိရင် လူတွေအာရုံစိုက်ကြတယ်။ အဖတ်လုပ်ပြီးပြောဆိုကြတယ်။ အနုပညာသမားတွေဆိုတော့ လက်ညှိုးထိုးပြီး ပြောချင်ကြတာပေါ့။ ပြောလို့ရပါတယ်။ ထိန်းသိမ်းတာနဲ့ ပညာပေးတာတွေက စည်းနဲ့ကမ်းနဲ့ဆိုရင် အဆင်ပြေတယ်ဗျာ။ ပစ်မှတ်အနေနဲ့ အနုပညာသမားတွေကို ဖမ်းတော့ သူတို့က ပိုပြီးနာမည်ကြီးတာပေါ့။ နာမည်ပိုရတာပေါ့။ ငါတို့အလုပ်လုပ်တယ်ဆိုပြီးတော့ ဖြစ်တာပေါ့။ တခြားပိုင်ရှင်မဲ့တွေဆိုတာကလည်း အများကြီးပါပဲ။ အဲ့လိုလေးတွေကို ရအောင်ဖမ်းနိုင်ရင်တော့ ပိုပြီးတော့ ကောင်းပါတယ်။ အနုပညာရှင်တွေလည်း အားနည်းချက်တွေ ကိုယ်ဆီရှိကြပြီး တခါတလေတော့ အမှားယွင်းလေးတွေ ပါဝင်လာတတ်ကြတာပေါ့။
ဒီလိုမျိုးလေးတွေ လုပ်လိုက်ပြီဆိုရင်လည်း ဘယ်လိုမျိုးပညာပေးမလည်း ဘယ်လိုမျိုးထိန်းသိမ်းမလည်းဆိုပြီး စဉ်းစားရင်တော့ ပိုကောင်းတာပေါ့။ ဘာမှ ဘုမသိ ဘမသိနဲ့ ရှည်ရှည်ဝေးဝေး မစဉ်းစားပဲနဲ့ မူးယစ်ဆေးကို သုံးလိုက်တာနဲ့ အထဲထည့်လိုက်တဲ့အခါကြတော့ ထောင်မှာလည်း လူကျပ်တယ်။ မိသားစုဝင်တွေကလည်း စိတ်ဆင်းရဲရတယ်။ ဖမ်းလိုက်တာနဲ့ ကိစ္စက ပြီးသွားတာ မဟုတ်ဘူး။ အခုနောက်ပိုင်းကတော့ ပညာပေးအစီအစဉ်မျိုးတွေ အနည်းငယ်ရှိလာခဲ့မယ်ဆိုရင်တော့ မဆိုးပါဘူး”
“ကျွန်တော် ဟိုတလောက ကျွန်တော့်ကို ရဲတွေတားလို့ဆိုပြီးရပ်ပေးလိုက်သေးတယ်။ ရဲက ကျွန်တော်ဘယ်သူမှန်းမသိဘူး။ ကျွန်တော်ကတော့ မင်္ဂလာပါလို့ပြောလိုက်တယ်။ ဒါပေမဲ့လည်း သူတို့မှာ မနှုတ်ဆက်နိုင်ဘူး။ ချက်ချင်းကို ဝူးဝဲဆိုပြီး ကျွန်တော့်ကားထဲ သူတို့ခေါင်းဝင်လိုက်တာ သူတို့ဆီမှာ ရတဲ့ အနံ့တွေက ပိုပြီးတော့ မွှန်ထူနေတယ်။
ဒါကြောင့် ကျွန်တော်တောင် နောက်သလို ပြောင်သလိုနဲ့ တာဝန်ချိန်ကြီးမှာ မသောက်ထားပါနဲ့လို့ သူတို့ကိုတောင် ပြန်ပြောလိုက်သေးတယ်။ ကျွန်တော်ကျတော့ ဘယ်လိုလည်းဆိုတော့ မှန်မှန်ကန်ကန်လုပ်ရင် ရတယ်ဗျာ။ အဲ့ဒီမှာအကြံအဖန်တွေ ပါလာမှာ ကျွန်တော်က ကြောက်တာဗျာ။ တာဝန်ကျနေတဲ့သူကိုက သောက်ထားတာဆိုတော့ ။ အဲ့လောက်ပဲ ပြောချင်ပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။
credit – nanmalgyi