Skip to main content

အသက် ၇နှစ်မှာ ပုလင်းခွံတွေသိမ်းကာ ဒေါ်လာ ၂သောင်းကျော်ရှာခဲ့သူလေး

စီးပွားရေးလုပ်ငန်းတစ်ခုကို စလုပ်ဖို့ စောလွန်းတယ်ဆိုတာ မရှိဘူးဆိုတာကို ၇နှစ်အရွယ် ကလေးငယ်လေးက သက်သေပြခဲ့ပါတယ်။ သူကတော့ အမေရိကန် ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့ အသက် ၇နှစ် အရွယ်ကလေးငယ် Ryan Hickman ပဲ ဖြစ်ပါတယ်။ နာမည်ကျော် အစီအစဉ်တင်ဆက်သူ Ellen က သူ့ရဲ့ “The Ellen DeGeneres Show” မှာ ဒီကလေးငယ်ရဲ့ အစီအစဉ်ကို တင်ဆက်ခဲ့ပါသေးတယ်။

သူ အသက် ၃နှစ်ခွဲ အရွယ်မှာ ကယ်လီဖိုးနီးယားက rePlanet အမှိုက်သိမ်းစင်တာကို သွားလည်ရင်း ဒီ ဘူးခွံ ပုလင်းခွံသိမ်းဖို့ဆိုတဲ့ အကြံကို ရခဲ့တာပါ။ ၃နှစ်ခွဲဆိုတာ ငယ်လွန်းတဲ့ အရွယ်ဖြစ်ပေမယ့် သူ့ရဲ့မိဘတွေက ခွင့်ပြုခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ သူ့ရဲ့လုပ်ငန်းစတင်ဖွင့်လှစ်ကြောင်း တစ်လမ်းလုံးကိုကြေငြာပြီး အိမ်နီးနားခြင်းတွေရဲ့ ဘူးခွံ ပုလင်းခွံတွေကို နိုင်သလောက် လိုက်ကောက်ပါတော့တယ်။ လမ်းလျှောက်ပြီးတော့ဖြစ်ဖြစ် ၊ သူ့ရဲ့စက်ဘီးလေးကိုစီးပြီးတော့ပဲ ဖြစ်ဖြစ် လိုက်သိမ်းတာပါ။

ငယ်ရွယ်ပေမယ့် စီးပွားရေးဝါသနာပါတဲ့ Ryan လေးဟာ အားလပ်ချိန်တိုင်းမှာ သူ့ရဲ့ အမှိုက်သိမ်းစီးပွားရေးလုပ်ငန်းကို လုပ်ခဲ့ပါတယ်။ အခု သူ့အသက် ၇နှစ် ရှိသွားပါပြီ။ သူ့ရဲ့ ကုမ္ပဏီနာမည်ကိုတော့ Ryan’s Recycling Company လို့ အမည်ပေးထားပါတယ်။ သူ့ရဲ့ ကုမ္ပဏီမှာ customer ပေါင်း ၅၀ တောင်ရှိခဲ့ပြီဖြစ်သလို လက်ရှိအချိန်အထိ ဘူးခွံ ပုလင်းခွံပေါင်း ၂သိန်းကျော်ကို သိမ်းခဲ့ပြီးပါပြီ။ ဒီဘူးခွံတွေကို ပြန်သွင်းတာက သူ့ရဲ့ဝင်ငွေဖြစ်ပါတယ်။ ဘူးခွံ ၁ခုကို ၅ဆင့် ၊ ၁၀ ဆင့် ၊ ၁၅ ဆင့် အသီးသီးရပါတယ်။
ကျွန်တော့်နာမည်ကတော့ Ryan Hickman ပါ။ ကျွန်တော့်အသက်ကတော့ ၇နှစ်ပါ။ ဒါပေမယ့် ကျွန်တော့်ကို အထင်မသေးပါနဲ့။ ကျွန်တော်က Ryan အမှိုက်သိမ်းကုမ္ပဏီရဲ့ ဥက္ကဌ တာဝန်ကိုထမ်းဆောင်နေသူပါ။ ဒါပေမယ့် ကုမ္ပဏီမန်နေဂျာကလည်း ကျွန်တော်ပါ။ အလုပ်သမားကလည်း ကျွန်တော်ပဲ။ တစ်ယောက်တည်းရှိတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

ကျွန်တော်အမှိုက်ကောက်တဲ့လုပ်ငန်းကို အသက် ၃နှစ်ခွဲကတည်းက လုပ်ခဲ့သူပါ။ ကျွန်တော်တို့ အိမ်နီးနားခြင်းတွေ ဒါမှမဟုတ် အခြားအိမ်တစ်ချို့ဆီကနေ အမှိုက်တွေကို သိမ်းလေ့ရှိပါတယ်။ အခုအချိန်ထိ ကျွန်တော်သိမ်းခဲ့သမျှ ဗူးခွံ ၊ပုလင်းခွံတွေကို ရေတွက်ကြည့်မယ်ဆိုရင် ၂သိန်းကျော်ပါပြီ။

အခု အထိ ကျွန်တော်ငွေဘယ်လောက်ရှာပြီးပြီလို့ ထင်ပါသလဲ။ အမေရိကန်ဒေါ်လာ ၂၁၀၀၀ အတိပါ။ ကျွန်တော့်အဖေ နဲ့ အမေက ကျွန်တော်ရှာထားတဲ့ငွေတွေကို ကျွန်တော်ကောလိပ်တက်တဲ့အခါ သုံးနိုင်အောင် စုပေးထားတယ်။ ကိုယ့်ငွေနဲ့ ကိုယ်တက်နိုင်အောင်ပေါ့ဗျာ။

ဒါပေမယ့် ကျွန်တော်ကတော့ မစုချင်ဘူးခင်ဗျ။ ကျွန်တော်က အမှိုက်သိမ်းတဲ့ ထရပ်ကားအသေးလေးတစ်စီးလောက် ဝယ်ချင်တာ။ ဒါမှ ကျွန်တော့်အလုပ်ကို ဒီထက်ပိုတိုးချဲ့နိုင်မှာ မဟုတ်လား။ ကိုယ်ပိုင်အလုပ်စလုပ်ဖို့ဆိုတာ မခက်ဘူးလို့ကျွန်တော်ထင်တယ်။ ဘာမှမရှိတဲ့ ကျွန်တော့်လို ကလေးလေးတစ်ယောက်တောင် လုပ်နိုင်သေးတာပဲ။

ပြီးတော့ အမှိုက်တွေကို စနစ်တကျစွန့်ပစ်တာ ၊ သိမ်းတာ ဆိုတာ ပတ်ဝန်းကျင်ကို ထိမ်းသိမ်းရာရောက်တယ် မလား။ ပုလင်းတွေကို သမုဒ္ဒရာထဲကို မစွန့်ပစ်တဲ့အတွက် ရေသတ္တဝါလေးတွေရဲ့ အသက်ကို ကယ်ဆယ်ပြီးသားဖြစ်မှာပါ။ လူတွေစွန့်ပစ်တဲ့ ဒီပလတ်စတစ်ပစ္စည်းတွေကြောင့် ရေသတ္တဝါလေးတွေသေနေရတာကို ကျွန်တော်သိပါတယ်။ ကျွန်တော်နဲ့ ရွယ်တူကလေးတွေကိုလည်း ကျွန်တော့်လိုပဲ ဖြစ်စေချင်ပါတယ်။ တကယ်တော့ ဒီအလုပ်ဟာ တကယ်ကောင်းတဲ့အလုပ်ပါ
Ryan ကလေးဟာ ရေသတ္တဝါလေးတွေကို ချစ်တတ်သူဖြစ်ပြီး ပစိဖိတ်ရေနေသတ္တဝါစောင့်ရှောက်ရေးစင်တာကို ဒေါ်လာ ၃၇၀၀ လှူဒါန်းခဲ့ပြီးပါပြီ။ သားဖြစ်သူနဲ့ ပတ်သတ်လို့ Ryan ရဲ့ဖခင်ဖြစ်သူက
” ဒီအလုပ်ကို သူ့ဘာသာလုပ်ဖို့ အကြံရတာဗျ။ ကျွန်တော်တို့ကလည်း မတားပါဘူး။ သူလုပ်ချင်တာကို လုပ်နိုင်ဖို့ ပံ့ပိုးပေးတယ်။ သိမ်းတဲ့အလုပ်ကို သူ့ဘာသာလုပ်တာပါ။ ကျွန်တော်က သုံးပတ်မှာ ၁ရက်လောက်တော့ သူသိမ်းထားတဲ့ ပုလင်းခွံတွေကို recycling စင်တာကို သွားပို့တဲ့အခါ ကားဒရိုင်ဘာလုပ်ပေးပါတယ်။ နောက်ပုလင်းခွံ ဘူးခွံတွေ အရမ်းများလာတဲ့အခါမျိုးမှာ ဖန် ၊ အလူမီနီယံ နဲ့ ပလတ်စတစ် အမျိုးအစားခွဲပေးတဲ့အခါ ကူညီပေးပါတယ်။ ဒါပါပဲ” လို့ ဆိုပါတယ်။

သူ့ရဲ့အလုပ်ဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာပဲ အဆင်ပြေမှာဖြစ်ပေမယ့် ၇နှစ်သားကလေးငယ်ရဲ့ စိတ်ကူး နဲ့ အလုပ်လုပ်ချင်စိတ် ၊ မိဘတွေရဲ့ ပံ့ပိုးမှုတို့ကို ချီးကျူးရမှာပဲဖြစ်ပါတယ်။

Credit – Hlataw

Updates

Theme Editor by Seo v6