French Kiss လို့ခေါ်တဲ့ လျှာခြင်း ထိတွေ့နမ်းခြင်းဟာ စိတ်ဆိုးဒေါသထွက်နေတဲ့ အမျိုးသမီးတဦးကို စိတ်ပြေသွားဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တခုလို့ ဆိုးရိုးတခုရှိပါတယ်။
ဒါပေမယ့် ဒီဆိုရိုးက အိန္ဒိယနိုင်ငံက အမျိုးသမီးတယောက်အတွက်တော့ မဟုတ်ပါဘူး။ အကြောင်းကတော့ သူမဟာ သူမကို French Kiss နဲ့ ချော့မြူစိတ်ဖြေဖို့ ကြိုးစားတဲ့ သူ့အမျိုးသားရဲ့ လျှာကို ကိုက်ဖြတ်ခဲ့လို့ပဲဖြစ်ပါတယ်။
သူမရဲ့လုပ်ရပ်ကြောင့် အမျိုးသားရဲ့ လျှာဟာ ပျက်သွားခဲ့ပြီး အမျိုးသားဟာ စကားတောင်မပြောနိုင်တော့ဘူးလို့ OC သတင်းမှာ ဖော်ပြပါတယ်။
ဒီဖြစ်ရပ်ဟာ အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ ဖြစ်ပွားခဲ့တာပါ။ အသက် ၂၂ နှစ်အရွယ် ကာရမ်လို့ခေါ်တဲ့ အမျိုးသားမှာ ကိုယ်ဝန် ရှစ်လနဲ့ ဇနီးသည်တစ်ယောက်ရှိပြီး သူတို့လင်မယားဟာ ၂ဝ၁၆ ခုနှစ်က လက်ထပ်ခဲ့ကြပါတယ်။
ကာရမ်တို့ လင်မယားဟာ မကြာခဏ စကားများလေ့ရှိပြီး ပြီးခဲ့တဲ့စက်တင်ဘာ ၂၂ ရက် ကာရမ်အိမ်ပြန်လာတဲ့အချိန်မှာလည်း သူတို့လင်မယားနှစ်ယောက် ထုံးစံအတိုင်း စကားများရန်ဖြစ်ခဲ့ကြပါတယ်။ ဒီတကြိမ်မှာတော့ ကာရမ်က ဒေါသထွက် ပေါက်ကွဲနေတဲ့ သူ့ဇနီးသည်ကို French Kiss နဲ့ စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားခဲ့ပါတယ်။
အစပိုင်းမှာတော့ သူ့ဇနီးသည်ဟာ ကာရမ်ရဲ့အနမ်းကိုလိုလားဟန်ပြသခဲ့ပေမယ့် အဲ့ဒီနောက်မှာတော့ ရုတ်တရက်ဆိုသလို သူ့လျှာကို ကိုက်ချလိုက်ပါတယ်။
ဇနီးသည်ရဲ့ မမျှော်လင့်ထားတဲ့ တိုက်ခိုက်မှုကြောင့် ကာရမ်ဟာ လျှာပြတ်သွားခဲ့ရ ပြီး သူ့ကို ဆေးရုံ အရေးပေါ်တင်ပို့ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူ့ရဲ့ကိုယ်ဝန်ဆောင်ဇနီးသည်လည်း ဖမ်းဆီးခံခဲ့ရပါတယ်။
ကာရမ်တို့ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့ နှစ်ကစတင်ကာ မကြာခဏဆိုသလို ပြဿနာတက်လေ့ရှိပြီး ပြဿနာတက်တိုင်း ဇနီးဖြစ်သူက ကာရမ်ကို ခွေးလို့သုံးနှုန်းဆဲဆိုကာ ပါးရိုက်ခြင်း၊ ဖိနပ်နဲ့ ရိုက်ခြင်းတွေ လုပ်လေ့ရှိတယ်လို့ ကာရမ်ရဲ့အမေက သတင်းထောက်တွေကို ပြောပါတယ်။
“ကာရမ်ရဲ့ ဆွဲဆောင်မှုမရှိတဲ့ ရုပ်ရည်နဲ့ မပျော်ရွှင်ရတဲ့ အိမ်ထောင်သည်ဘဝကို သည်းမခံနိုင်တော့တဲ့အဆုံး ဒီလိုလုပ်မိလိုက်တာဖြစ်တယ်” လို့လည်း ကာရမ်ရဲ့ဇနီးသည်က ရဲတပ်ဖွဲ့ကို ပြောဆိုပါတယ်။
ဇနီးသည်ကြောင့် ကာရမ်ဟာ ပြန်လည်စကားပြောဆိုနိုင်ဖို့ ခွဲစိတ်ကုသမှုခံယူရမှာဖြစ်ပြီး သွားစွမ်းပြလိုက်တဲ့ ကာရမ်ရဲ့ဇနီးသည်ဟာလည်း ထိခိုက်နာကျင်စေမှုနဲ့ တရားစွဲခံထားရတယ်လို့ သိရပါတယ်။
DVB TV News
http://burmese.dvb.no/archives/292711