Skip to main content

ရွှေတိဂုံစေတီတော်မှ ခွာယူထားသော ရွှေစင်ပြားများအား ပြန်လည်သန့်စင်ကာ နေပြည်တော်ရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကပ်လှူပူဇော်သွားမည်

ရန်​ကုန်​၊ စက်​တင်​ဘာ ၁၂

မြန်မာနိုင်ငံ၏ ပြယုဂ်ကြီးတစ်ခုဖြစ်သော ရွှေတိဂုံစေတီတော်တွင် ကပ်လှူပူဇော်ထားသော ရွှေစင်ပြားများအား စက်တင်ဘာ ၁၀ ရက်နေ့က သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် စတင်ခွာယူလျက်ရှိပြီး စေတီတော်မြတ်ကြီးမှ ရရှိသော ရွှေစင်ပြားများ၏အား ပြန်လည်သန့်စင်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တည်ထားကိုးကွယ်သော နေပြည်တော် ဒက္ခိဏသီရိမြို့ရှိ ထာဝရငြိမ်းချမ်းရေး စေတီတော်တွင် ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

"​ရွှေတိဂုံစေတီတော်ဆိုတာ ကျွန်တော်တို့မြန်မာနိုင်ငံကြီးရဲ့ အထင်ကရပြယုဂ်တစ်ခုဖြစ်ပြီးတော့မှ နိုင်ငံခြားခရီးသွားတွေ အများဆုံးလာရောက်ဖူးမြော်တဲ့ စေတီတော်ကြီးတစ်ဆူလည်း ဖြစ်ပါတယ်။ စေတီတော်မှာ ကပ်လှူထားတဲ့ ရွှေပြားတွေဟာဆိုရင် နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တဲ့အတွက် အညှိတွေတက်ပြီး မသပ္ပါယ်သလိုဖြစ်နေပြီးတော့မှ ဖူးမြော်ရသူတွေအဖို့ မတင့်တယ်တော့ပါဘူး။ ဒါကြောင့် ဒီရွှေပြားတွေကို ခွာယူပြီးတော့ ရွှေစင်ပြားအသစ်တွေနဲ့ လှဲလှယ်ကပ်လှူ ပူဇော်သွားမှာဖြစ်ပါတယ်"ဟု ၀န်ကြီးဌာန၏ တာဝန်ရှိသူများမှ မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

ရွှေတိဂုံစေတီတော်အား ချွတ်ယွင်းချက်များရှိ/မရှိ၊ ရွှေစင်ပြားများ မှန်/မမှန် စစ်/မစစ် ငါးနှစ်တစ်ကြိမ် စစ်ဆေးပြီး လိုအပ်ချက်များအား ပြန်လည်ပြုပြင်မွမ်းမံရကြောင်း၊ ပြီးခဲ့သည့် စစ်ဆေးမှုမှာ ၂၀၁၄ ခုနှစ်တွင်ဖြစ်ပြီး ယခုလုပ်ဆောင်မှုမှာ ငါးနှစ်မပြည့်သေးဘဲ လေးနှစ်သာရှိသေးကြောင်း သိရသည်။

"​စေတီတော်ကထွက်တဲ့ ရွှေပြားတွေကို ဘယ်မှာ အသုံးပြုမလဲဆိုပြီးတော့မှ ပြည်သူတွေအရမ်းသိချင်နေကြတယ်။ ဒါကြောင့် ပြည်သူတွေလည်း သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ဖို့အတွက် ပြည်သူတွေကို အသိပေးလိုတာကတော့ အဲ့ဒီရွှေပြားတွေကို ပြန်လည်သန့်စင်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တည်ထားကိုးကွယ်နေတဲ့ နေပြည်တော် ဒက္ခိဏသီရိက ထာဝရငြိမ်းချမ်းရေး စေတီတော်မှာ ကပ်လှူပူဇော်သွားမှာဖြစ်ကြောင်း အသိပေးလိုပါတယ်" ဟု ၀န်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြောဆိုသည်။

https://www.facebook.com/2108349735873482/posts/2302816573093463/

Updates

Theme Editor by Seo v6