လက်ရှိအချိန် (၂၀၁၈ ခုနှစ်) မှာ ကမ္ဘာ့လူဦးရေဟာ သန်း ရ၆၀၀ ကျော်ရှိပြီး နောင်လာမယ့် နှစ် (၃၀) အကြာမှာ သန်း ကိုးထောင်ကျော် ရှိလာနိုင်မယ်လို့ ကျွမ်းကျင် ပညာရှင်များက ခန့်မှန်းထားကြပါတယ်။ ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး (၁၀) နိုင်ငံစာရင်းမှာ ထိပ်ဆုံးကပါနေကျ နိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့ကပဲ ထိပ်ဆုံးမှာ ဆက်ရှိနေပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ လူဦးရေ အများဆုံး (၁၀) နိုင်ငံ စာရင်းမှာ ပါဝင်နေပေမယ့် လတ်တလောမှာ လူဦးရေ ကျဆင်းမှုနဲ့ ကြုံတွေ့နေရတဲ့ ရုရှားနိုင်ငံပါပဲ။
ရုရှားနိုင်ငံဟာ လက်ရှိအချိန် (၂၀၁၈ ခုနှစ်) မှာ လူဦးရေ ၁၄၄ သန်းခန့် ရှိနေပါတယ်။ အဲဒီ အရေအတွက်ဟာ ၂၀၀၀ ခုနှစ်က လူဦးရေ အရေအတွက် ၁၄၇ သန်းအောက်ကို လျော့ကျသွားတာပဲ ဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ လူဦးရေ ဆက်လက်လျော့ကျနေဦးမှာ ဖြစ်ပြီး ၂၀၅၀ ခုနှစ်အရောက်မှာ လူဦးရေ ၁၂၉ သန်းခန့်ပဲ ရှိနေနိုင်မယ်လို့ ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထားပါတယ်။
လတ်တလော အချိန်မှာ ကမ္ဘာပေါ်မှာ လူဦးရေ တိုးတက်မှုနှုန်း အမြင့်မားဆုံး နိုင်ငံကတော့ နိုင်ဂျီးရီးယားနိုင်ငံပဲ ဖြစ်ပါတယ်။ အာဖရိကတိုက်မှာ တည်ရှိတဲ့ နိုင်ဂျီးရီးယားနိုင်ငံဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ အတူ မွေးဖွားနှုန်း မြင့်မားလာခြင်း၊ ရင်ခွင်ပိုက် ကလေးငယ် သေဆုံးမှုနှုန်း လျော့ကျလာခြင်းတို့ကြောင့် လူဦးရေ အလျင်အမြန် တိုးတက်လာပြီး ကမ္ဘာပေါ်မှာ လူဦးရေ တိုးတက်မှုနှုန်း အများဆုံး နိုင်ငံအဖြစ်သို့ ရောက်ရှိနေပါတယ်။
လက်ရှိအချိန် (၂၀၁၈ ခုနှစ်) မှာ နိုင်ဂျီးရီးယားနိုင်ငံ၏ လူဦးရေဟာ ၁၉၆ သန်းနီးပါးခန့် ရှိပြီး လူဦးရေ တိုးတက်မှုနှုန်းကတော့ ၅၈ ရာခိုင်နှုန်း ရှိပါတယ်။ ၂၀၅၀ ပြည့်နှစ်မှာ နိုင်ဂျီးရီးယားနိုင်ငံရဲ့ လူဦးရေဟာ ၃၉၁ သန်းကို ရောက်ရှိနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထားပါတယ်။
ကမ္ဘာ့လူဦးရေ အများဆုံး တရုတ်နိုင်ငံကတော့ လူဦးရေ ဆက်လက် လျော့ကျနေပြီး ၂၀၅၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံက ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး ဖြစ်လာပါမယ်။ ကမ္ဘာ့လူဦးရေ အများဆုံး (၁၀) နိုင်ငံ စုစုပေါင်းရဲ့ လူဦးရေဟာ သန်း ၄၄၀၀ ကျော်ရှိပြီး ကျန်ကမ္ဘာ့နိုင်ငံများရဲ့လူဦးရေကတော့ သန်း ၃၂၀၀ ကျော်သာ ရှိပါတယ်။ ကမ္ဘာ့လူဦးရေ အများဆုံး (၁၀) နိုင်ငံရဲ့ ၂၀၁၈ ခုနှစ် လူဦးရေ၊ တိုးတက်မှုနှုန်းနဲ့ ၂၀၅၀ ပြည့်နှစ်မှာ ရောက်ရှိမယ့် လူဦးရေ အရေအတွက်များပြဇယားကို ဖော်ပြလိုက်ရပါတယ်။
Writer_Htoo2 Lay ( Daily Hot News )