Skip to main content

ဗီယက်နမ်သမ္မတ အပြင်းဖျားပြီး ရုတ်တရက်ကွယ်လွန်

ဗီယက်နမ်နိုင်ငံရဲ့ သမ္မတကြီး ကျန်ဒိုင်ကွမ် အသက် ၆၂ နှစ်ဟာ အပြင်းဖျားနာပြီး ဒီကနေ့မနက်က ရုတ်တရက် ကွယ်လွန်သွားတယ်လို့ ဗီယက်နမ်သတင်း အေဂျင်စီက သတင်းထုတ်ပြန်ပါတယ်။

သမ္မတကို ဗီယက်နမ်နဲ့ နိုင်ငံခြားက ဆရာဝန်တွေက ကြိုးစားကုသပေးခဲ့ပေမယ့် ဒီကနေ့မနက် ၁၀နာရီကျော်လောက်က အမှတ်၁၀၈ စစ်ဆေးရုံမှာ ကွယ်လွန်သွားခဲ့တာလို့ ဗီယက်နမ် အမျိုးသားကျန်းမာရေးဝန်ဆောင်မှုကော်မရှင်က ကြေညာပါတယ်။

သမ္မတကွမ်ဟာ ၁၉၅၆ ခုနှစ် အောက်တိုဘာ ၁၂ ရက်က နိုင်ငံမြောက်ပိုင်း ကျေးလက်ဒေသဖြစ်တဲ့ နင်ဘင်းခရိုင်မှာ မွေးဖွားခဲ့တာပါ။

သူဟာ အသက် ၁၆ နှစ်အရွယ်မှာ ပြည်သူ့ရဲတပ်ဖွဲ့ အကယ်ဒမီသင်တန်းကျောင်းမှာ တက်ရောက်ခဲ့ပြီး ဘဝတလျောက် ရဲတပ်ဖွဲ့ဝင်တဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၂၀၁၁ ခုနှစ်မှာ ဗီယက်နမ်အစိုးရအဖွဲ့ဝင် ပြည်သူ့လုံခြုံရေးရာ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ဗီယက်နမ်နိုင်ငံရဲ့ သမ္မတအဖြစ် ရွေးကောက်ခံ ခဲ့ရပါတယ်။ သူ့ရဲ့ သမ္မတ သက်တမ်းကတော့ ၂၀၂၁ ခုနှစ်ကျမှ ကုန်ဆုံးမှာဖြစ်ပါတယ်။

ဗီယက်နမ်မသမ္မတကျန်ဒိုင်ကွမ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ရက်က ဗီယက်နမ်နိုင်ငံ ခရီးစဉ်မှာ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ဓာတ်ပုံ-Reuters
DVB

Updates

Theme Editor by Seo v6