ကာဇာခါစတန်နိုင်ငံမှာ ဆေးတက္ကသိုလ်ကျောင်းဆင်း အလုပ်သင်ဆရာဝန်မလေးတစ်ယောက်ဟာ သူမဆရာတဖြစ်လဲ ရည်းစားဆရာဝန်ဖြစ်သူရဲ့ ခေါင်းဖြတ်သတ်တာကို ခံခဲ့ရပါတယ်။ သေဆုံးသူ မိန်းကလေးဟာ အသက်(၂၁) နှစ်အရွယ် နာဇာခီ ဆိုသူဖြစ်ပြီး လူသတ်မှုကျူးလွန်သူကတော့ အသက်(၂၆) နှစ်အရွယ် ရှင်းဂီဆိုသူပါ။ ခေါင်းဖြတ်သတ်ရတဲ့ အကြောင်းရင်းက ရှင်းဂီဟာ နာဇာခီကို လက်ထပ်ခွင့်တောင်းရာကနေ ကောင်မလေးက မိဘတွေ သဘောမတူကြဘူးဆိုပြီး ငြင်းဆန်ခဲ့တာကြောင့် ဒေါသအလျောက် လူသတ်မှုကျူးလွန်မိခဲ့တာ ဖြစ်ပါတယ်။
နာဇာခီကို ခေါင်းဖြတ်ပြီးနောက် ရှင်းဂီဟာ သူကိုယ်တိုင်လည်း ဆောင်လာတဲ့ ဓားနဲ့ ၀မ်းဗိုက်ကို ထိုးသွင်းပြီး သေကြောင်းကြံစည်ခဲ့ပါတယ်။ ရှင်းဂီဟာ စာတိုလေးတစ်စောင်ရေးသားပြီး စာထဲမှာတော့ ရည်းစားကောင်မလေးကို သတ်ဖြတ်ခဲ့ပြီဖြစ်ကြောင်း၊ သူကိုယ်တိုင်လည်း သတ်သေခဲ့ကြောင်းနဲ့ အလောင်းတွေကို အတူတကွ မြှုပ်နှံပေးဖို့ ရေးသားထားပါတယ်။ ဒါပေမယ့် လူသတ်သမားရဲ့ သေကြောင်းကြံစည်မှုကတော့ မအောင်မြင်ခဲ့ပါဘူး။
အခုဆိုရင် ဆေးရုံရောက်နေပြီဖြစ်တဲ့ ရှင်းဂီဟာ အသက်အန္တရာယ်ကနေ ကျော်လွန်ပြီး အခြေအနေတွေတည်ငြိမ်နေပါပြီ။ ပြန်လည်သက်သာလာတဲ့အခါမှာတော့ တရားဆိုင်ရမှာဖြစ်ပြီး လူသတ်မှုနဲ့ အနည်းဆုံးထောင်(၁၅) နှစ် ကျခံရနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ နာဇာခီရဲ့ ခေါင်းပြတ်နေတဲ့ အလောင်းကိုတော့ တက်စ်ဘိုဂေးကျေးရွာက ရေလှောင်ကန်တစ်ခုအနီး ကားတစ်စီးထဲမှာ တွေ့ရှိခဲ့ပါတယ်။ နာဇာခီဟာ မသေခင် ရှင်းဂီနဲ့ စကားအချေအတင်ပြောဆိုခဲ့ကြတယ်လို့ ယူဆရပါတယ်။
ဆရာဝန်မလေး နာဇာခီဟာ အာ့ခ်တိုဘီမြို့ ဆေးတက္ကသိုလ်က ဘွဲ့ရထားတာ မကြာသေးပါဘူး။ ဘွဲ့ရပြီးပြီးချင်းပဲ ဦးဆုံးအလုပ်အနေနဲ့ ဆေးစင်တာတစ်ခုမှာ အလုပ်လုပ်ဝင်လုပ်နေတာပါ။ ရှင်းဂီကတော့ အထက်လူကြီးတွေက လူတော်လေးလို့ သတ်မှတ်ထားကြတဲ့ ဆရာဝန်တစ်ယောက်လို့ သိရပါတယ်။ တကယ်တမ်းတော့ ရှင်းဂီဟာ ရိုးသားသူ၊ အနေအထိုင် တည်ငြိမ်အေးချမ်းသူ တစ်ယောက်အဖြစ် လုပ်ဖော်ကိုင်ဖက်တွေက သတ်မှတ်ထားခဲ့သူပါ။ “ဘာကြောင့် ရှင်းဂီက ဒီလိုလုပ်ခဲ့ရတာလဲဆိုတာ ကျွန်တော်တော့ နားမလည်နိုင်ဘူး..” လို့ ရှင်းဂီရဲ့ သူငယ်ချင်းတစ်ယောက်ကတော့ ဆိုသွားပါတယ်။
လင်းလင်း (ShweMom)
Ref: dailymail