ဘောလုံးလောကမှာ Ronaldinho လို့ပြောလိုက်ရင် မသိသူမရှိ။ မှော်ဝင်ခြေစွမ်းတွေနဲ့ ပြိုင်ဘက်နောက်တန်းတွေကို သွေးပျက်စေသူ။ ဘောလုံးဆိုတာ သူ့အတွက် သံလိုက်မှာ ကပ်နေတဲ့ သံမှုန်လေးသဖွယ် ဖမ်းစားနိုင်တဲ့သူပါ။ သူ့ကို မွေးတာက ၁၉၈ဝခုနှစ် မတ်လ (၂၁) ရက်။ ရှစ်နှစ်သားလောက်တုန်းက သူ့ ခြေစွမ်းကို ဒေသခံတွေက သတိပြုမိလာတယ်။ ပြိုင်ဘက်ဘောလုံးအသင်းကို ၂၃ဂိုး – ဂိုးမရှိနဲ့ အနိုင်ရတုန်းက သူတစ်ယောက်တည်းနဲ့ (၂၃) ဂိုးလုံး သွင်းပစ်တယ်။ အဲဒီလိုနဲ့ ၁၉၉၇ခုနှစ်မှာ ဘရာဇီးအသင်းကို ယူ-၁၇ ဖီဖာချန်ပီယံရှစ်မှာ ဗိုလ်စွဲစေတယ်။ သူအားကျရတဲ့သူတွေက Rivelino ၊ Diego Maradona ၊ Romário ၊ Ronaldo နဲ့ Rivaldo တို့ပါ။
မိခင်ကလပ် Gremio မှာ ခြေစွမ်းပြတယ်။ ၂ဝဝ၁ခုနှစ်ကို ရောက်တော့ PSG အသင်းကို ယူရို (၅) သန်းနဲ့ ပြောင်းရွှေ့သွားတယ်။ ပြင်သစ်မြေမှာလည်း သူဟာ ကမ္ဘာ့အဆင့်ကစားသမားဖြစ်ကြောင်း သက်သေပြနိုင်ခဲ့တယ်။ ၂ဝဝ၂ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်မှာ အင်္ဂလန်ဂိုးသမားကြီး David Seaman ကို ကျော်ပြီး ကိုက် (၄ဝ) အကွာက သွင်းယူခဲ့တဲ့ ဖရီးကစ်ဂိုးဟာ သူ့အတွက် အမှတ်ရစရာပါပဲ။
စိန်တစ်လုံး၊ ကျောက်တစ်ပွင့်မှာ အနာမကင်းသလိုပဲ Ronaldinho မှာလည်း အားနည်းချက်ရှိတယ်။ သူက အပျော်အပါးမက်လွန်းတယ်။ ပါတီပွဲတွေ ကျင်းပရတာ ပျော်တယ်။ Night Out ထွက်ချင်တယ်။ PSG အသင်းမှာ ကစားတုန်းက တစ်ပတ်မှာ တစ်ရက်ပဲ လေ့ကျင့်ခန်းဆင်းတယ်။ စနေနေ့မှာ ဘောလုံးပွဲကန်စရာရှိမှ သောကြာနေ့မှာ လေ့ကျင့်ခန်းဆင်းတာလို့ ကစားဖော် Jerome Leroy က ပြောတယ်။
၂ဝဝ၃ခုနှစ်မှာ ဘာစီလိုနာအသင်းကို ရောက်တယ်။ ဒီကာလတွေဟာ သူ့အတွက် ရွှေရောင်အချိန်တွေပါ။ ဖီဖာကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု (FIFA World Player of the Year) ကို ၂ဝဝ၄ခုနှစ်နဲ့ ၂ဝဝ၅ခုနှစ်တွေမှာ ရရှိခဲ့သလို Ballon d’Or ဆုကို ၂ဝဝ၅ခုနှစ်မှာ ဆွတ်ခူးပြန်တယ်။ ၂ဝဝ၈ခုနှစ်မှာ ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ် (၁ဝဝ) စာရင်းမှာ အဆင့် (၃၈) ချိတ်တယ်။ ပြီးတော့ ဝင်ငွေက ဒေါ်လာ (၃၇) သန်းအထိ ရှိခဲ့တယ်။
လေ့ကျင့်ခန်းကို ပုံမှန်မဆင်းသလို ညဘက်မှာ ကလပ်တက်တဲ့ အကျင့်က Ronaldinho ကို လမ်းဘေးရောက်စေတာပဲ။ မိန်းမလိုက်စားတယ်၊ အသောက်ဖက်လာတယ်။ လေ့ကျင့်ခန်းပုံမှန်မဆင်းတော့ ကိုယ်လက်ကြံ့ခိုင်မှု အားနည်းလာတယ်။ ကိုယ်အလေးချိန်တက်လာတယ်။
ဘောလုံးစွမ်းရည်ကောင်းပေမယ့် လေ့ကျင့်ရည်မပြည့်တာကြောင့် အရင်လို မမြန်တော့ဘူး။ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေက သူ့အကျင့်ဆိုးတွေဟာ လူငယ်ခြေတက် Lionel Messi ကို လွှမ်းမိုးမှာစိုးလို့ ၂ဝဝ၈ခုနှစ်မှာ အေစီမီလန်အသင်းကို ရောင်းထုတ်ခဲ့တယ်။
စပိန်နဲ့ အီတလီနိုင်ငံပြောင်းသွားတာပဲရှိတယ်။ Ronaldinho ရဲ့ အကျင့်တွေက “အရင်လိုပါပဲ အရင်အတိုင်းပဲ” ။ တစ်ညလုံး ကဲတယ်။ အပျော်အပါးလိုက်စားတယ်။ မနက်ပိုင်းကျတော့ လေ့ကျင့်ခန်း မဆင်းနိုင်တော့ဘူး။ တန်းအိပ်တာပဲ။ အဲဒီအချိန်တုန်းက အေစီမီလန်နည်းပြကြီး Carlo Ancelotti ဆိုရင် “Ronaldinho လိုကောင်မျိုး မြောင်းထဲရောက်တာ အံ့သြစရာမရှိဘူး။ ဘောလုံးမှာ ပါရမီရှိပေမယ့် ကြံ့ခိုင်မှုမှ မရှိတာလေ” လို့ ရင်ဖွင့်သွားပါတယ်။
အီတလီမြေကနေ မိခင်ဘရာဇီးနိုင်ငံကို ပြန်ရောက်ရတယ်။ လစာ၊ ဝင်ငွေတွေလည်း လျော့နည်းကုန်ပါပြီ။ Flamengo (၂ဝ၁၁ – ၂ဝ၁၂) ၊ Atlético Mineiro (၂ဝ၁၂ – ၂ဝ၁၄) ၊ Querétaro (၂ဝ၁၄ – ၂ဝ၁၅) နဲ့ Fluminense (၂ဝ၁၅) တွေမှာ ကစားခဲ့ပြန်တယ်။ အဲဒီကာလတွေမှာ သူ့ရဲ့ ရပ်တည်မှုဟာ အားကစားလောကမှာ တဖြည်းဖြည်း အရောင်မှိန်လာတယ်။
၂ဝ၁၅ခုနှစ် စက်တင်ဘာလ (၂၈) ရက်နေ့မှာ Fluminense အသင်းတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး စာချုပ်ကို ဖျက်သိမ်းခဲ့တယ်။ ပြီးတော့ အိန္ဒိယနိုင်ငံမှာ ဖူဆယ်ကစားသေးတယ်။
၂ဝ၁၈ခုနှစ် ဇန်နဝါရီ (၁၇) ရက်နေ့မှာ ဘောလုံးသမားဘဝမှ အနားယူကြောင်း တရားဝင်ကြေညာခဲ့တယ်။ အခုမှ ကြေညာတာဆိုပေမယ့် အသင်းလက်မဲ့ဖြစ်နေတာ ၂ဝ၁၅ခုနှစ် စက်တင်ဘာလကတည်းကပါ။ ကစားသမားဘဝတုန်းက ငွေကြေးမစုဆောင်းမိခဲ့တဲ့ Ronaldinho ဟာ စီးပွားရေးလုပ်တော့လည်း ကံမကောင်းတတ်။ မြွေပူရာ ကင်းမှောက်တယ်လို့ပဲ ပြောမလား၊ လဲရာ သူခိုးထောင်းတယ်လို့ ဆိုမလား၊ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာပဲ ဖော်ကျူးမလား မပြောတတ်။
၂ဝ၁၅ခုနှစ်တုန်းက သူနဲ့ သူ့အကို Roberto Assis တို့ဟာ အစိုးရခွင့်ပြုချက်မရဘဲ တားမြစ်နေရာမှာ ဆောက်လုပ်ရေးလုပ်ခဲ့တဲ့အတွက် ဒဏ်ရိုက်ခံခဲ့ရပါတယ်။ အကြွေးတွေဟာ ပေါင် (၁.၇) သန်းအထိရှိလာပြီဖြစ်တာကြောင့် နိုင်ငံရပ်ခြားကို ထွက်ပြေးလို့မရနိုင်အောင် Rio Grande do Sul ပြည်နယ်တရားရုံးက သူ့ရဲ့ နိုင်ငံကူးလက်မှတ် (Passport) ကို သိမ်းဆည်းဖို့ ညွှန်ကြားထားပါတယ်။ သူ့ရဲ့ဘဏ်အကောင့်ထဲမှာ ၅.၂၄ပေါင် (၁ဝ,၉ဝ၉ ကျပ်) သာကျန်ရှိတော့တယ်လို့ သိရပါတယ်။
Ronaldinho ဟာ တင်ရှိနေတဲ့ အကြွေးတွေဆပ်နိုင်ဖို့ တရုတ်နဲ့ ဂျပန်နိုင်ငံတွေမှာ Nike ကြော်ငြာတွေ ရိုက်ကူးပြီး ပိုက်ဆံပြန်ရှာနေရပါတယ်။ သူဟာ ဘာစီလိုနာအသင်းမှာ ကစားတုန်းက ဘရာဇီးလ် – စပိန် (Dual Citizenship) နိုင်ငံသားခံယူထားသူဖြစ်တဲ့အတွက် စပိန်နိုင်ငံကူးလက်မှတ်ကိုပဲ အသုံးပြုလို့ရတော့တာပါ။
“ပါရမီကြောင့် ထိပ်ဆုံးကို ရောက်သွားနိုင်တယ်။ ဒါပေမယ့် ကြိုးစားမှုကပဲ ထိပ်ဆုံးမှာ ဆက်ထိန်းနိုင်မယ်” ဆိုတဲ့ စကားဟာ Ronaldinho အတွက် သွေးထွက်အောင် မှန်တယ်။ သူဟာ ၂ဝဝ၂ခုနှစ်မှာ ကမ္ဘာကျော်ဖြစ်လာတယ်။ ၂ဝဝ၅ခုနှစ်မှာ သူ့အောင်မြင်မှု အထွဋ်အထိပ်ပဲ။ ဒါပေမယ့် သူဟာ အပျော်အပါးမက်လွန်းတယ်။ ကြိုးစားမှုမရှိတာကြောင့် အောင်မြင်မှုကို ရေရှည်မထိန်းနိုင်ဘူး။ အသက် (၃ဝ) မပြည့်သေးခင် ခြေစွမ်းကျသွားပြီ။ ကောက်ရိုးမီးလိုပဲ။
တခြားလူကို မကြည့်နဲ့။ ဂျူဗင်တပ်တိုက်စစ်မှူး Cristiano Ronaldo ကိုပဲ ချိန်ထိုး။ ဘောလုံးစွမ်းရည်ကြောင့် တစ်ဦးချင်းအောင်မြင်မှုတွေ ရလာပေမယ့် အောင်မြင်မှုကို ကြိုးစားမှုနဲ့ပဲ ဆက်ထိန်းထားတယ်။ (၃၃) နှစ်ရှိပြီဆိုပေမယ့် ဇရာကို အံတုနိုင်တယ်။ လေ့ကျင့်ရေးကွင်းကို အစောဆုံးလာပြီး နောက်အကျဆုံးပြန်တာ Cristiano Ronaldo ပဲ။ ဘောလုံးသမားဘဝမှာ ငွေကြေးမစုဆောင်းဘဲ အပျော်အပါးမက်လွန်းတဲ့အတွက် Ronaldinho ဟာ လက်ရှိအချိန်မှာ ဒုက္ခရောက်ရတာဖြစ်ပါတယ်။
ကျော်စိုးအောင် (အခရာ)
www.akhayar.com