လ့လာစစ်တမ်းကောက်ယူမှုတွေအရ တစ်စုံတစ်ယောက်ရဲ့ အပြုအမူတွေကို ကြည့်ပြီး ထိုသူဟာ ရိုးသားမှု ရှိ မရှိ ၉၀ ရာခိုင်နှုန်းအထိ သိနိုင်ပါတယ်။ လူတစ်ယောက်ရဲ့ စိတ်အခြေအနေကို နားလည်နိုင်ဖို့အတွက် သူ့ရဲ့ ခန္ဓာကိုယ်နဲ့ အသံအနေအထားတို့ကို ကြည့်ပြီး ဆုံးဖြတ်ရပါတယ်။
အောက်ပါ အချက်အလက်တွေကတော့ Allan Pease, Lillian Glass နဲ့ အခြားနာမည်ကျော် စိတ်ပညာရှင်များရဲ့ စမ်းသပ်မှု ရလဒ်တွေကို မှီငြမ်းပြီး ပြန်လည်ဖော်ပြထားတာလည်း ဖြစ်ပါတယ်။ လူတွေ လိမ်ညာစကား ပြောပြီဆိုရင် လုပ်လေ့အရှိဆုံး အပြုအမူ ၆ မျိုးဖြစ်ပါတယ်။
(၁) နှုတ်ခမ်းအနေအထား – မဟုတ်မမှန်တစ်ခုခု ပြောတော့မယ့်လူတစ်ယောက်ဟာ နှုတ်ခမ်းတအားခြောက်လာပြီး နှုတ်ခမ်းကိုက်တာ၊ လျှာနဲ့သပ်တာမျိုး ခဏခဏ လုပ်တတ်ကြပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ တံတွေးထုတ်လုပ်မှုဟာ အလိုလို လျော့ကျသွားတဲ့အတွက်ပါ။ သူဒီလိုလိမ်ပြောနေတဲ့အချိန် ရေတစ်ခွက်သာ ပေးလိုက်ရင် မြန်မြန်ဆန်ဆန်ကို သောက်ချလိုက်မှာပါ။
(၂) မျက်လုံးအနေအထား – လိမ်ပြောနေရင် မျက်လုံးကို တည့်တည့် ကြည့်မပြောရဲဘူးဆိုတာတော့ ကြားဖူးကြမှာပါ။ ဒါပေမယ့် လူတစ်ယောက်က သင့်ကို လိမ်နေပြီဆိုရင် သူတို့ ပြောတာ သင့်ကို ယုံစေချင်တဲ့အတွက် သူတို့ကိုယ်သူတို့ ယုံကြည်ထိုက်ပုံပေါက်အောင် သင့်မျက်နှာကို စေ့စေ့ကြည့်ပြီး ပြောပါလိမ့်မယ်။ လိမ်နေတဲ့အတွက် သူတို့ လှည့်ထွက်သွားချင်စိတ်ကြောင့်လည်း သင့်ကို စိုက်ကြည့်တဲ့ မျက်လုံးကို ပိုအားယူပြီး စိုက်ကြည့်နေပါလိမ့်မယ်။
(၃) လှုပ်ရှားမှု – လူတစ်ယောက် လိမ်နေပြီဆိုရင် ဂနာမငြိမ် ဖြစ်တတ်သလိုပဲ အဲ့ဒါနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ သိပ်မလှုပ်တာလည်း ဖြစ်တတ်ပါတယ်။ သူတို့ကိုယ်သူတို့ တတ်နိုင်သမျှ သတိထားနေပြီး တည်ငြိမ်ချင်ယောင် ဆောင်နေတဲ့အတွက်ပါ။
(၄) စကားပြောပုံ – လက်ညှိုးထိုးပြီး စကားပြောတာ ရိုင်းတဲ့ အပြုအမူတစ်မျိုးပါပဲ။ သူ့ကို တစ်ခုခုမေးလိုက်လို့ သူက ဒေါသထွက်တဲ့ပုံနဲ့ အတင်းလက်ညှိုးထိုးပြီး ပြန်ပြောတာဟာ သူ့ဘက်က မဟုတ်မမှန်လုပ်ထားတာကို အတင်းဖုံးကွယ်ချင်တဲ့ လက္ခဏာဖြစ်ပါတယ်။
(၅) လည်ပင်းနဲ့ အင်္ကျီကော်လံ – လည်ပင်းဟာ ခန္ဓာကိုယ်ရဲ့ အထိခိုက်လွယ်ဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့အတွက် အန္တရာယ်ကျရောက်ပြီလို့ စိတ်က ဖြစ်လာတဲ့အခါ အင်္ကျီကော်လံကို ဆွဲဟတတ်ကြပါတယ်။ ဒီအမူအရာဟာ အတော်ကို စိတ်မသက်မသာဖြစ်နေတယ်ဆိုတဲ့ အမူအရာပါ။ နောက်တစ်ခုက တစ်ဖက်က မေးခွန်းကို တကယ်စဉ်းစားနေတဲ့ပုံမျိုးနဲ့ ဇက်ကို ကိုင်တတ်ကြပါတယ်။
(၆) အရာဝတ္ထုရဲ့ အကူအညီ – လိမ်ညာပြောနေပြီဆိုရင် ကြောက်စိတ်ရှိလာပြီး ပိုတည်ငြိမ်ချင်တဲ့အတွက်ကြောင့် စားပွဲ၊ ထိုင်ခုံ၊ နံရံ စသဖြင့် တစ်ခုခုကို မှီပြီး ပြောတတ်ကြပါတယ်။ ဒီအပြုအမူဟာ ကလေးဘဝတုန်းက တစ်ခုခုကို ကြောက်ပြီဆိုရင် တစ်ခုခုကို မှီပြီး ပုန်းတတ်ကြတဲ့ အကျင့်ကနေ ပေါ်ပေါက်လာတာပါ။
TheXB